ဟုမ္မလင်း မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၊ အနော်ရထာဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်အတွက် သတ်မှတ်ထားသည့် မူးယစ်ကင်းစင်တို့ ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ၊ လွယ်လွယ်နဲ့ရသုံးစွဲကြ မူးယစ်သားကောင်ဖြစ်နေရ ဝိုင်းဝန်းကာကွယ်တားဆီးမှ၊ မူးယစ်ကင်းစင်တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြ လုံခြုံလှ၊ နိုင်ငံအနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့၊ ဗလငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့၊ အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့ စသည့်ဆောင်ပုဒ်များနှင့်အညီ ပြိုင်ပွဲကိုပြုလုပ်ခဲ့ရာ ပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့် ၄ ဦး၊ မူလတန်းအဆင့် ၁၀ ဦး၊ အထက်တန်းဆင့် ၃ ဦး စုစုပေါင်း ၁၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပိုစတာပြိုင်ပွဲတွင် အလယ်တန်းအဆင့် ၁ ဦး၊ မူလတန်းအဆင့် ၆ ဦး စုစုပေါင်း ၇ ဦး၊ ကာတွန်းပြိုင်ပွဲတွင်အလယ်တန်းအဆင့် ၂ ဦး၊ မူလတန်းအဆင့် ၈ ဦး၊ စုစုပေါင်း ၁၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ခရိုင်ဒုတိယရဲမှူး၊ ရဲမှူးမျိုးဦး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ အမှတ်(၉)မူးယစ်တပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်အောင်၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများက ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအား လိုက်လံကြည့်ရှု၍ အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)