မုံရွာ မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေစက်(MEVM) ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး MEVM စက်ဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်းက တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များကို နောင်ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင် ထပ်မံအသုံးပြုနိုင်ရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ ပြန်လည်ဖွဲ့စည်း၍ “မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များကို ထုတ်ယူခြင်း၊ ထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်း၊ အသုံးပြုခြင်းတို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ” ကို သိရှိစေရန်နှင့် အသုံးပြုပြီးဖြစ်သည့် မဲပေးစက်များကို သက်ဆိုင်ရာ ထိန်းသိမ်းထားသိုရာ နေရာများ၌ စနစ်တကျ ထိန်းသိမ်းထားမှသာလျှင် နောင်လာမည့် ရွေးကောက်ပွဲများတွင် ကောင်းစွာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊
မဲပေးစက်များသည် အီလက်ထရောနစ် စက်ပစ္စည်းများဖြစ်ကြသဖြင့် ထိန်းသိမ်းထားသိုရာတွင် အီလက်ထရောနစ် စက်ပစ္စည်းများ ထိန်းသိမ်းထားသိုမှုအတိုင်း ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ထိန်းသိမ်းထားသော မဲပေးစက်များကိုလည်း ပုံမှန်စစ်ဆေးခြင်း၊ ဖွင့်ဖောက်စစ်ဆေးခြင်းစသဖြင့် ဆောင်ရွက်ရန် အထူးအရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးအဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ထားပါကြောင်း၊ စစ်ဆေးမှုများဆောင်ရွက်မှုနှင့်အတူ ချို့ယွင်းမှုများရှိလာပါက ပြင်ဆင်ရန်ကိုလည်း တပါတည်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ထိုသို့ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ကို ပြုစုထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ဤလုပ်ငန်းလမ်းညွှန်ချက်များနှင့် မဲပေးစက်များကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီးတိုင်းဒေသကြီး MEVM စက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဦးကိုကိုဦးက MEVM မဲပေးစက်များ အသုံးပြုခဲ့မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုတို့အပြင် ပြန်လည်ထိန်းသိမ်းထားရှိမှုနှင့် ကျန်ရှိမဲပေးစက်များ အမြန်ရောက်ရှိရေးနှင့် သက်ဆိုင်ရာခရိုင်အလိုက် သတ်မှတ်နေရာများတွင် စနစ်တကျထိန်းသိမ်းထားရှိမည့် အခြေအနေတို့ကို ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီး အဆင့် MEVM စက် ဆိုင်ရာကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းများအလိုက် အားလုံးပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကိုအသေးစိတ် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
အဆိုပါဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို တိုင်းဒေသကြီး MEVM စက်ဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ညှိနိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ထို့နောက်တိုင်းဒေသကြီး MEVM စက်ဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ်ရှိ အဆောင်(၁၆)တွင် ထိန်းသိမ်းထားရှိထားသော MEVM မဲပေးစက်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)