ကန်ကြီးထောင့်မြို့နယ်ရှိ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် သောင်ကြီးကျေးရွာအုပ်စု၊ အညာစုကျေးရွာရှိ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းအား မြေပြင်စာရင်းကောက်ယူခြင်းကို မေလ ၁၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ ကွင်းဆင်းစာရင်းကောက်ယူရာတွင် ခရိုင်မွေးမြူ‌ရေးနှင့်ကုသ‌ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဆွေဦး၊ မြို့နယ်မွေးမြူ‌ရေးနှင့်ကုသ‌ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးအောင်၊ ဒုဦးစီးမှူး ဒေါက်တာဆုမြတ်မြတ်ဦးနှင့် တာဝန်ရှိသူများက သောင်ကြီးကျေးရွာအုပ်စု ၊အညာစုကျေးရွာရှိ ဦးအောင်ဇော်ဦး၏ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ အဆောက်အဦးအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ငှက်ကောင်ရေစာရင်းများအား ကောက်ယူခဲ့ သည်။

အဆိုပါ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းအား ယခုနှစ်‌ ဖေ‌ဖော်ဝါရီလမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဇီဝဇိုးငှက်မွေးမြူထားရှိမှု ကောင်ရေ ၂၀၀ ရှိကြောင်း၊ လက်ရှိထုတ်လုပ်မှုစျေးကွက်တွင် တင်ပို့ရောင်းချမှုမရှိသေးကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)