ကြံခင်း မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့များအား ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးပို့ချပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်မင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်တို့က အသီးသီးအဖွင့်အမှာစကားပြောကြားကြပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က ကြီးကြပ်ရေးအဖွဲ့များ၏ ခန့်အပ်လွှာများပေးအပ်ရာ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့များကိုယ်စား ရွှေတောင်စုရပ်ကွက်မှ ဦးကျော်တင့်က လက်ခံရယူခဲ့သည်။
အဆိုပါ သင်တန်းအား ဆွေးနွေးပို့ချခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ ဒုတိယဦးစီးမှူး ဦးသိန်းဇော်နှင့် သင်တန်းနည်းပြများက အုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည်ရွေးချယ်နိုင်ရေး ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပို့ချလျက်ရှိသည်။
အလားတူ ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကြီးကြပ်ရေးမှူးအဖွဲ့များအား ဆွေးနွေးပို့ချလျက်ရှိပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက် သင်တန်းအဖွင့်အမှာစကားနှင့် ကြီးကြပ်ရေးမှူးအဖွဲ့များ ခန့်အပ်လွှာများအား တာဝန်ရှိသူများနှင့်အတူ ပေးအပ်ခဲ့ကြသည်။ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၀ စုမှ ကြီးကြပ်ရေးမှူးများအား ကြံခင်းမြို့နှင့်ဘက်ရဲမြို့တို့၌ နှစ်နေရာခွဲ၍ ဆွေးနွေးပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)