ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ မေ ၁၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် မေ ၁၉ ရက် နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်(ဘားအံ)နှင့် ဘားအံတက္ကသိုလ်ပတ္တမြားနယ်မြေအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံပညာရေးဒီဂရီကောလိပ်ရှိ (၁၇၉ပေ x ၃၆ပေ) သင်တန်းသူ (၂၀၀)ဆံ့၊ (၄)ထပ် RC အိပ်ဆောင်(ရေချိုးခန်း၊ သန့်စင်ခန်း)အပါ တည်ဆောက်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းဖြင့် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပညာရေးဒီဂရီကောလိပ်ဒုတိယကျောင်းအုပ်ကြီးနှင့်တာဝန်ယူတည်ဆောက်သည့် မာန်မြင့်ဟိန်းကုမ္ပဏီမှတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးတည်ဆောက်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား၍ ဘားအံပညာရေးဒီဂရီကောလိပ် ဘောလုံးအားကစားကွင်း မိုးရာသီတွင်ရေဝပ်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး သင်တန်းသား၊ သင်တန်းသူများ စိတ်အေးချမ်းသာစွာ အားကစားလေ့ကျင့်ခန်းများဆောင်ရွက်နိုင်ရေးကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေရှိ (၆)ခန်းတွဲ(၃)ထပ် (ပေ ၁၁၄ x ပေ ၄၀) ဆရာ၊ ဆရာမ အိမ်ရာတည်ဆောက်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက ဘားအံတက္ကသိုလ် ငုရွှေဝါနယ်မြေနှင့်ပတ္တမြားနယ်မြေတို့တွင် ယခုနှစ်အတွင်းပါရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆရာ၊ ဆရာမအိမ်ရာနှင့် ဘောလုံး အားကစားကွင်းတို့အား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ၂၀၂၆ ခုနှစ်၊ (၁၄)ကြိမ်မြောက် နွေရာသီရာမညနိကာယမွန်စာပေနှင့်ဗုဒ္ဓယဉ်ကျေးမှု ဆုပေးပွဲ အခမ်းအနားကို ဘားအံမြို့၊ အိန္ဒုမွန်ကျောင်းကြီး၌ ကျင်းပရာ မွန်စာပေနှင့်ဗုဒ္ဓယဉ်ကျေးမှုအသင်းနာယက အိန္ဒုမွန်ကျောင်းဆရာတော် ဘဒ္ဒန္တဝါယမအမှူးပြုသော ထေကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဆရာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် အိန္ဒုမွန်ကျောင်းဆရာတော် ဘဒ္ဒန္တဝါယမထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားရေးလက္ခဏာနှင့်သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့်တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးစသည့် လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှလိုအပ်သည့် အကူအညီအထောက်အပံ့များကို နှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်း၊ မတူကွဲပြားမှု များသည် အရောင်အသွေးစုံလင်လှပသော အလှတရားများပင်ဖြစ်ပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းစွာထာဝစဉ် တည်မြဲရန်အတွက် တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စွာနှင့်ရင်းနှီးချစ်ကြည်စွာ အတူလက်တွဲ နေထိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီမွန်စာပေနှင့်ဗုဒ္ဓယဉ်ကျေးမှုဆုပေးပွဲအတွက် ငွေကျပ်သိန်း ၃၀၀ ကို အိန္ဒုမွန်ကျောင်းဆရာတော်ထံ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)