မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ပထမ)အကြိမ် အင်းလေလံနှင့် ငါးဖမ်းကွက်များ တင်ဒါရောင်းချပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်း မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (ပထမ) အကြိမ် အင်းလေလံနှင့် ငါးဖမ်းကွက်များ တင်ဒါရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာ၌ ဒေသ၏ရေထွက်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်လာစေရေးနှင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ တိုးတက်ရရှိစေရေးတို့အတွက် အင်းလေလံနှင့် ငါးဖမ်းကွက်များကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် စနစ်တကျတင်ဒါခေါ်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးထိန်လင်းတို့က ရေသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဥပဒေနှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် လပွတ္တာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်းမှ တင်ဒါစည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် လေလံတင်ရောင်းချမည့်အင်းများ၊ ငါးဖမ်းကွက်များ၏ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများက စည်းကမ်းချက်များနှင့်အညီ လေလံယှဥ်ပြိုင်ဆွဲယူခဲ့ကြကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)