ရွှေဘို မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လည်(၁)နာရီက ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ရွှေဘိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇာဇာမင်းက ဘုတ်ကုန်းကျေးရွာရှိ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ဝါစိုက်ပျိုးကြသော တောင်သူများအား သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးစေရန်အတွက် ပျားမွေးမြူရေးနှင့်တွဲဖက်ဆောင်ရွက်ရန် အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးမှ တောင်သူများအား ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်ရခြင်းရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရွှေဘိုခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ နေကြာမျိုးစေ့၊ ဝါမျိုးစေ့နှင့် ရွှေဘိုပေါ်ဆန်းမျိုးစေ့များကို ဘုတ်ကုန်းကျေးရွာရှိ အကျိုးဆောင်တောင်သူများအား အခမဲ့ပေးအပ်ခဲ့ပြီး ဘုတ်ကုန်းကျေးရွာရှိ သီးနှံစိုက်တောင်သူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးအောင်ထွန်းခိုင်(ပြန်/ဆက်)