ဓနုဖြူ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က သင်တန်းကာလအတွင်းမှာ သင်တန်းသားများအနေနဲ့ သင်တန်းကချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်တွေကို တလေးတစား လိုက်နာကြရန်လိုကြောင်း၊ လေ့ကျင့်ချိန်များတွင် မတော်တဆထိခိုက်မှုများ မဖြစ်ပွားစေရန် ဂရုစိုက်ကြပ်မတ်ကြရန် လိုကြောင်း၊ သင်တန်းသားများအနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး သင်တန်းအစမှ အဆုံးထိပြီးဆုံးသည့်တိုင် ကြိုးစားတက်ရောက်သွားကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မအူပင်ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား မေလ ၁၈ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၃၀)ဦးတက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)