ကျောက်ကြီး မေ ၁၉
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ပဲခူးရပ်ကွက်ရှိ မိုးကုတ်ဓမ္မရိပ်သာဓမ္မာရုံတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ စီမံညွှန်ကြားမှုဖြင့် ရက် (၁၀၀) စီမံချက်အရ ဒေသခံပြည်သူများနှင့် တွေ့ဆုံဟောပြောပွဲပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး မင်းမြတ်ဘုန်းက "အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း" အသိပညာပေးအနေဖြင့် စစ်လက်နက်ပစ္စည်းများဖြစ်သော မြေမြှုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းတို့၏ အန္တရာယ်ကြီးမားပုံများ၊ မိုင်းအန္တရာယ်သတိပေးထားရှိ တတ်ပုံများနှင့် မိုင်းတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာအကြီးအကဲများထံ သတင်းပို့ရန်တို့ကို ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြက်ခြေနီအကြောင်း သိကောင်းစရာအကြောင်းများ ဟောပြောသည်။
ထို့နောက် မြို့မရဲစခန်း ဒုတိယရဲစခန်းမှူး ရဲအုပ်မိုးမြင့်စိုးက ယာဥ်စည်းကမ်း /လမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောပြီး ကျောက်ကြီးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဇင်ဟိန်းထွဋ်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းချခြင်းများ၏ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က လူကုန်ကူးခံရခြင်းနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောပြီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှူး ပိုင်စိုးလတ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိုးကြိုးဘေးအန္တရာယ်အကြောင်း သိကောင်းစရာအကြောင်း အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောက်ကြီးမြို့မရဲစခန်း စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်မီးသတ်စခန်းမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ (၁၀၀) ဦးခန့် တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်/ စာစောင်ပြပွဲ ခင်းကျင်းဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)