သာပေါင်း မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ရွှေညောင်ပင် ကျေးရွာအုပ်စုရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲရုံး၌ ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဇင်မင်းသိုက်က စိုက်ပျိုးစရိတ်ချေးငွေအား အမှန်တကယ်ထိရောက်စွာ စိုက်ပျိုးရေးလုပ်ငန်းများတွင်သာ အကျိုးရှိရှိသုံးစွဲကြပြီး စိုက်ပျိုးဧကများအတိုင်း ပြည့်မှီစွာ စိုက်ပျိုးကြစေလိုကြောင်း၊ ချေးငွေပြန်လည်ပေးဆပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ရွှေညောင်ကျေးရွာအုပ်စုရှိ တောင်သူ(၁၂၃)ဦး၊လယ်မြေဧက(၈၉၇)အတွက် ချေးငွေ(၂၆၉.၁၀)သန်း ထုတ်ချေးပေးခဲ့သည်။
သာပေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တစ်ဧက(၃)သိန်းကျပ်နှုန်းဖြင့် (၁၂၊ ၅၊ ၂၀၂၆)ရက်နေ့မှ စတင်ထုတ်ချေးပေးလျှက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စု(၃)ရှိ တောင်သူ(၃၇၇)ဦး၊ စိုက်ပျိုးလယ်မြေဧက(၂၆၆၉)အတွက် ထုတ်ချေးငွေ(၈၀၀.၇၀)သန်း ထုတ်ချေးပေးထားပြီးဖြစ်ကြောင်းနှင့် သာပေါင်းမြို့နယ်တွင် ကျေးရွာအုပ်စု (၅၈)အုပ်စုရှိ တောင်သူ (၅၉၈၃)ကျော်တို့၏ လယ်ယာမြေဧက (၃၉၀၀၀)ခန့်အတွက် ကျပ်သန်း(၁၁၇၀၀)ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေလျာထား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဇင်မင်းသိုက်ထံမှ သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း(ပြန်/ဆက်)