ကျိုက်လတ်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများအား အသိပညာပေး ရှင်းလင်းဆွေးနွေး

ကျိုက်လတ် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များအား ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ ရွှေဧရာအောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်ဥပဒေရုံး၊ ဒုတိယဥပဒေအရာရှိ ဦးဇေလွင်မောင်က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေးအဖွဲ့များမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၆၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

လှိုင်မင်းအောင် (ပြန်/ဆက်)