အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက် တနိုင်တပိုင် (Home Garden) စိုက်ပျိုးရေးနည်းစနစ် မှန်ကန်ရေး ပညာပေးကွင်းသရုပ်ပြ

ဘားအံ ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း တောင်သူလယ်သမားများ ကိုဗစ် − ၁၉ ရောဂါ ကာလ အတွင်း ကျန်းမာသန့်ရှင်း လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးစားသောက်နိုင်ရေး အတွက် ယနေ့နံနက်ပိုင်းအချိန်က ကော့ကဒါကျေးရွာတွင် Home garden စိုက်ပျိုးနည်းစနစ် မှန်ကန်ရေးပညာပေး ကွင်းသရုပ်ပြပွဲအား စိုက်ပျိုးရေးဦးစီးဌာနမှ သွားရောက်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်ဆွေနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) တွင် အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းရေးကဏ္ဍ၊ သီးနှံများ၏ အရည်အသွေးကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ လုပ်သားများ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝ သာယာဝပြောရေး ကဏ္ဍဟူ၍ ကဏ္ဍကြီး (၄) ရပ် ပါဝင်ကြောင်းကိုလည်းကောင်း၊ အိမ်ခြံဝင်းအတွင်း မြေနေရာ ကျယ်ဝန်းစွာမလိုပဲ တနိုင်တပိုင် စိုက်ပျိုးခြင်းဖြင့် သန့်ရှင်းလတ်ဆတ်စွာ ခူးဆွတ်စားသုံးနိုင်သည့် အခြေအနေများ ကို အသိပညာ ပေးခြင်းများကိုလည်းကောင်း၊  Home Garden စိုက်ပျိုးခြင်းနည်းစနစ်၊ နည်းလမ်းမှန်များ၊ လိုက်နာ ဆောင်ရွက်ရသည်များ ကိုလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့်အဖွဲ့သည် တောင်သူများစိုက်ပျိုးထားသော ဒူရင်း စိုက်ခင်း၊ သံပုရာစိုက်ခင်းများ စိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုကာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အသိအမှတ်ပြုလက်မှတ် လျောက်ထားနိုင်ရေးအတွက် လိုအပ်သည့်နည်းပညာများ ဆွေးနွေးပြောပြခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)