ငွေဆောင်မြို့၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်မှုလုပ်ငန်းစဥ်ကို ဦးဆောင်မည့် ကြီးကြပ်ရေးမှူးများအား သင်တန်းဖွင့်လှစ်ပို့ချ

​ငွေဆောင် မေ ၁၉

​ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်စေရေးအတွက် ရွေးချယ်မှုလုပ်ငန်းစဉ်ကို ဦးဆောင်မည့် ကြီးကြပ်ရေးမှူးများအား ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

​အဆိုပါသင်တန်းသို့ ငွေဆောင်မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)စုမှ ရွေးချယ်ခံထားရသည့် ကြီးကြပ်ရေးအဖွဲ့ဝင် (၃၅) ဦး တက်ရောက်ခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူးက သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။

ဦးစွာမြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်နှင့်အခွင့်အာဏာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဆယ်အိမ်စုဖွဲ့စည်းနည်း၊ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူး ရွေးချယ်ခြင်းလုပ်ငန်းစဉ်၊ အုပ်ချုပ်ရေးမှူးလောင်း အမည်စာရင်းတင်သွင်းခြင်းနှင့် စိစစ်ခြင်း၊ ဆန္ဒမဲပေးခြင်းနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်းနှင့် အစီရင်ခံစာတင်ပြခြင်း၊ ကန့်ကွက်လွှာများနှင့် ပြဿနာဖြေရှင်းခြင်းလုပ်ငန်းစဉ်များကို PowerPoint စနစ်ဖြင့် အသေးစိတ် သင်ကြားပို့ချပေးခဲ့သည်။ ထို့နောက် သင်တန်းတက်ရောက်လာကြသည့် ကြီးကြပ်ရေးအဖွဲ့ဝင်များက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

​ကျော်လင်းဦး (ပြန်/ဆက်)