စစ်ကိုင်းမြို့တွင် ကျောင်းအပ်နှံနိုင်ရေး အသိပေးနှိုးဆော်

စစ်ကိုင်း မေ ၁၉

စစ်ကိုင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့်ရယူနိုင်ရန် ကျောင်းအပ်နှံရေးနှင့် ကျောင်းတက်ရောက်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

အဆိုပါအသိပေးနှိုးဆော်ရာတွင် စစ်ကိုင်းခရိုင်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သော ၂၅-၅-၂၀၂၆ မှ ၃၁-၅-၂၀၂၆ ရက်နေ့အထိ မိမိနေထိုင်ရာ ရပ်ကွက်အတွင်းနှင့် နီးစပ်ရာ အခြေခံပညာကျောင်းများတွင် KG တန်းမှ G-12 တန်းအထိ ကျောင်းအပ်နှံနိုင်မည်ဖြစ်ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်မှ အခမဲ့ပေးအပ်သော ပုံနှိပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ဘောပင်များကိုရယူနိုင်ကြောင်းနှင့် ကျောင်းတက်ရောက်နိုင်ရန် အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အခြေခံပညာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများမှ ဝန်ထမ်းများက မြို့မဈေး၊ မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများ၌ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။         

အေးငြိမ်းစံ(ပြန်/ဆက်)