ဖရူဆိုမြို့၌ ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းနှင့် ဇာထိုးပန်းထိုးသင်တန်း ဖွင့်လှစ်

ဖရူဆို ဇန်နဝါရီ ၁၈      

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ၏ အသက် မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ရပ်ရွာအခြေပြု အခြေခံစက်ချုပ် သင်တန်းနှင့် ဇာထိုးပန်းထိုးသင်တန်းကို  ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ပြုလုပ်သည်။

အဆိုပါသင်တန်းတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေတဲ့လုပ်ငန်းကြီး (၇) ရပ်အနက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သော လုပ်ငန်း ဖြစ်သည်နှင့်အညီ အမျိုးသမီးများ၏ အသက် မွေးဝမ်းကျောင်းမှုကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရပ်ရွာဒေသ အတွင်း ဆင်းရဲမှုလျော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် အမျိုးသမီးများ ဝင်ငွေရလုပ်ငန်းအဖြစ် တစ်ပိုင် တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနက အခြေခံ/ အဆင့်မြင့်စက်ချုပ် သင်တန်း၊ ဇာထိုး ပန်းထိုးသင်တန်း၊ ပန်းအလှပြင်သင်တန်းနှင့် မုန့်လုပ်နည်းသင်တန်းတို့ကို သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုပုံစံ(၂) မျိုးဖြင့် သင်တန်းဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် သင်တန်းမှရရှိသော ပညာရပ်များကို မိမိတို့ရပ်ရွာတွင် အကျိုးရှိစွာ ပြန်လည်အသုံးချစေလိုကြောင်း ပြောကြား သည်။

အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အိမ်တွင်းမှုလုပ်ငန်း စိတ်ဝင်စားသူများကို လူမှုဝန်ထမ်းဦးစီးဌာန နည်းပြ သင်တန်းဆင်း ဆရာမ (၄)ဦးမှ ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းနှင့် ဇာထိုးပန်းထိုး သင်တန်း တက်ရောက်သူ အမျိုးသမီး (၁၅)ဦးစီအား ဇန်နဝါရီလ ၁၈ ရက်နေ့မှ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ (၂၁)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)