ကျောက်တံခါး မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံပန်း၊ သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေတို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီမှူး ဒေါ်ပိုးအိဖြူက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသို့တက်ရောက်လာကြသည့် သင်တန်းသားများထံသို့ သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲကြသည်။ အဆိုပါ သံပန်း၊ သံဂဟေဆက်သင် တန်းကို မေ ၁၉ ရက်နေ့မှ ဇွန် ၁၇ ရက်နေ့အထိ ၃၀ ရက်ကြာ သင်တန်းသား ၂၀ ဦးအား သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း(ကျောက်တံခါး)