ဒီးမော့ဆို ဇန်နဝါရီ ၁၈
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပေါ်စေရေး အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုတွေ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သည့် အနေဖြင့် ဒီးမော့ဆိုမြို့နယ်ရှိ မြို့မရပ်ကွက်၊ ငွေတောင်၊ စံပြ(၆)မိုင်၊ သေးဆူလဲ၊ နောင်ပုလဲနှင့် ဒီးမော့ဆိုကျေးရွာအုပ်စုတို့တွင် မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေး ဆော်ဩလျက်ရှိပြီး ကျေးရွာများတွင် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ တောမီး ရှို့ခြင်း၊ အရွယ်မရောက်သေးသော ကလေးသူငယ် များနှင့် သက်ကြီးရွယ်အိုများအား ထင်းမီးဖြင့် မီးမွှေးစေခြင်း မပြုကြရန် ပြည်သူ လူထုများအား အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကြည်စိုးဟန် ထံမှ သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကြည်စိုးဟန် ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ပထမပတ်မှစ၍ တစ်ပတ်လျှင် နှစ်ကြိမ်ဖြင့် ကျေးရွာအရောက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)