ဆိပ်ဖြူမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီအတွက် သစ်မျိုးစုံ (၉၂၂၈၀) ပင် ပျိုးထောင်ထားရှိ

ဆိပ်ဖြူ မေ ၂၀

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးဆောင်ရွက်နိုင်ရန်အတွက် မြို့မပျိုးဥယျာဉ်တွင် သစ်မျိုးစုံ (၉၂၂၈၀) ပင် ပျိုးထောင်ထားကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းရပ်ဝန်းဒေသ၌တည်ရှိလျက်ရှိသော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသရာသီဥတုအပူချိန်လျော့ချ ဆောင်ရွက်နိုင်ရေး၊ ဒေသပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် မိုးရာသီကာတွင် စိုက်ပျိုးဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ထားရှိကြောင်း၊ သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်တွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်ဖြင့် ဒေသနှင့်ကိုက်ညီသည့် မန်ကျည်း၊ ဆီး၊ သရက်၊ ထန်းနှင့် တမာ ပျိုးပင် (၁၀၂၈၀)ပင်ကိုလည်းကောင်း၊ လူထုဖြန့် ကျွန်းနှင့်သစ်ပျိုးစုံ (၃၁၀၀၀) ပင်၊ တမာအထူးပျိုး (၅၀၀၀၀)ပင်နှင့် ဗောဓိညောင်ကိုင်း (၁၀၀၀) ပင်၊ စုစုပေါင်း သစ်မျိုးစုံ (၉၂၂၈၀) ပင် တို့အား ပျိုးထောင်ဆောင်ရွက်ထားရှိကာ မိုးဖြိုင်ဖြိုင်ရွာသွန်းသည့်အချိန်တွင် စိုက်ပျိုးရန်သတ်မှတ်နေရာများတွင် စိုက်ပျိုးနိုင်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနကပြောကြား သိရသည်။ 

စိုးလင်းနိုင်(IPRD)