သံတောင်ကြီးဒေသထွက်  လက်ဖက်ခြောက်များဝယ်လိုအားကောင်းပြီး  ဈေးကောင်းရရှိ

သံတောင်ကြီး မေ ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုး ရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်လက် ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခုနွေရာသီအချိန်တွင် လက်ဖက်ခြောက်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့သည် အမြင့်ပေ (၄၀၀၀) အထက်ရှိပြီး အအေးပိုင်းဒေသဖြစ်သည့်အတွက် လက်ဖက်ပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ နွေရာသီအချိန်တွင် လက်ဖက်စိုက်ပျိုး တောင်သူများအနေဖြင့်  လက်ဖက်ရွက်အနုများခူးယူကာလက်ဖက်ခြောက် (အကြမ်းခြောက်)များ ပြုလုပ်ရောင်းချလျက်ရှိသည်။

သံတောင်ကြီးမြို့သည် ယခင်လက်ဖက်ခြောက်တစ်ပိဿာကို ကျပ်(၂၀၀၀၀)ထိသာရရှိသော်လည်း ယခုနှစ်တွင် လက်ဖက်ခြောက် တစ်ပိဿာကို ကျပ် (၂၅၀၀၀)ထိရရှိသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့်  တောင်သူများမှာ  လက်ဖက်များကို ပိုမိုစိုက်ပျိုးလာခဲ့ကြောင်း သိရသည်။

နော်နော်မူ