ကျိုက်လတ် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမတွင် ယနေ့နေ့လယ် (၁)နာရီ က မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲ နှင့် ကိုဗစ်-၁၉ ကာလ''ရှေးဦးပြုစုခြင်းပညာဆင့်ပွားသင်တန်း''ပို့ချခြင်း အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်တို့က မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ စွမ်းစွမ်းတမံကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံ ဆောင်ရွက်ခဲ့မှုများအား လေးစားစွာဖြင့် အသိအမှတ်ပြုပါကြောင်း ၊ ဆက်လက်၍လည်း မြို့နယ်၏ အကျိုးအတွက် လိုအပ်ပါက ပါဝင်ကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း များ ကို ပြောကြားပြီး ကျိုက်လတ်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဌ ဦးစိန်ဝှီး က မြန်မာနိုင်ငံကြက်ခြေနီ အသင်း ကျိုက်လတ်မြို့နယ် ကြက်ခြေနီအသင်းခွဲ မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာလတွင် အသိပညာပေးဆောင်ရွက်ခြင်း ၊ ကာကွယ်တားဆီးရေးလုပ်ငန်းများ ၊ စောင့်ကြည့်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နှင့် မြို့ဝင်မြို့ထွက်ဂိတ်များ တွင် ပါဝင်ကူညီခြင်း ၊ ကျေးရွာ များ အရောက် အသိပညာပေးခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း ၊ ဆေးဖျန်းခြင်း အစရှိသော လုပ်ငန်းများတွင် မိမိတို့စေတနာ ၊ ဝါသနာအရ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသော ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ အားဂုဏ်ပြုခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဒေါ်ဌေးဌေးဝင်း က ကြက်ခြေနီအဖွဲ့ဝင်များအား ဂုဏ်ပြုစကား ပြောကြား ခဲ့သည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ကြပြီး ကိုဗစ်-၁၉ကာလ '' ရှေးဦးပြုစုခြင်းပညာဆင့်ပွားသင်တန်း '' ကို ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ပို့ချပေး ခဲ့ကြကြောင်းသိရသည်။
ရီရီမြင့်(ပြန်/ဆက်)