ကမမောင်းမေ ၁၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလအတွင်း ကျောင်းအပ်နှံမည့်လုပ်ငန်းစဉ်များကို သိရှိနားလည် သဘောပေါက်ကြစေရန်နှင့် ရပ်ရွာဒေသများအတွင်း ကျောင်းအပ်နှံနိုင်မည့် စာသင်အရွယ်အပိုင်းအခြားရှိ ကလေးများ အားလုံးကျန်ရှိမှုမရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်နက်ပိုင်းက သံလွင်ဦးမြို့မဈေး၊ လူစည်ကားရာနေရာများနှင့် ရပ်ကွက်အတွင်းရှိ မိဘပြည်သူများထံသို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ဖာပွန်မြို့နယ်ပညာရေးမှူး ဦးသိန်းဦး ကမမောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းဆရာ/ဆရာမများပူးပေါင်း၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားပညာရေး၏ အဓိကရည်မှန်းချက်များ၊ မြန်မာ့ပညာရေးမျှော်မှန်းချက်၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး အစီအစဉ်ဆိုင်ရာသိရှိရန်အချက်များ၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့၊ ပညာရေးဆောင်ပုဒ်များပါရှိပြီး ပြည်သူများလက်ဝယ်အရောက် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကမမောင်း (ပြန်/ဆက်)