ကော့ကရိတ် မေ ၁၉
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအထူး ကောင်းမွန်ပြီး မွေးဖွားလာသည့်ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးပေးဝေးခြင်း၊ ကိုယ်ဝန်ဆောင်ကာကွယ်ဆေး များထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို မေ ၁၈ရက် နံနက် ၁၀နာရီတွင် ကော့ကရိတ်မြို့ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးတာဝန်ခံဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပြည့်ဝသည့်အစားအစာများ စားသုံးတတ်ရန်၊ ဌာနမှထုတ်ပေးသည့်ဆေးများကို ပုံမှန်သောက်သုံးရန်၊ အစာအုပ်စု ၃ခုပါဝင်အောင် စားသုံးကြရန်၊ ကလေးဉာဏ်ရည်ထက်မြက်ဖို့ အိုင်အိုဒင်းဆား စားသုံးပေးရန်၊ လူစုလူဝေးရှောင်ရှားရန်နှင့် စနစ်တကျလက်ဆေးကြရန်မှာကြားခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးချင်းစီ အလိုက် သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံဓာတ်အားဆေး၊ သန်ချဆေးများပေးဝေသည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုကို မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးမှုကို လစဉ် ၄ရက်နှင့် ၁၈ ရက်တို့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)