ပဲခူး မေ ၁၉
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပဲခူးဇုန်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး/ ပြည်နယ် ကိုယ်စားပြုဘောလုံးအသင်းများအား ကြိုဆိုသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းတို့အား လက်ဘက်ရည်နှင့် မုန့်တိုဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားအသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပဲခူးဇုန်အုပ်စုပတ်လည်ပွဲစဉ်များကို ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်ဘောလုံးကွင်း၌ မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးအသင်း၊ နေပြည်တော်အသင်း၊ ချင်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)