ဆင်ပေါင်ဝဲ မေ ၁၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာနှစ်ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆွေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဦးအေးနိုင်တို့က အသီးသီးအမှာစကားပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက စီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရာ သမန်းကြီးကျေးရွာအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် (၁၅၀) သိန်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျတို့က ကျေးရွာကော်မတီဝင်များထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)