အောင်လံမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

အောင်လံ မေ ၁၉

ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ချက်အဖြစ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ အောင်လံမြို့နယ်ဘဏ်ခွဲက ကြီးမှူးကျင်းပသော “၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးပေးအပ်ပွဲအခမ်းအနား” ကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အောင်လံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဒေသရှိ တောင်သူများ စိုက်ပျိုးရာသီအချိန်မီ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားလာစေရေးအတွက် နိုင်ငံတော်မှ ယခုကဲ့သို့ စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန်နေဂျာ ဒေါ်မို့မို့မှ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးပေးမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ တောင်သူများအနေဖြင့် ချေးငွေပြန်လည်ပေးဆပ်ရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ချေးငွေများထုတ်ချေးပေးအပ်ခြင်းကို ဆောင်ရွက်ရာ အောင်လံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေ၊ မြို့နယ်ဘဏ်မန်နေဂျာ ဒေါ်မို့မို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အောင်လံမြို့နယ်အတွင်းရှိ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ လျှောက်ထားကြသည့် ဒေသခံတောင်သူများထံသို့ တိုးမြှင့်ထုတ်ချေးငွေများကို လက်ဝယ်အရောက် စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)