ပွင့်ဖြူမြို့၌ မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ် ဝိနည်းဓိုရ်သင်တန်းဆင်းပွဲ ကျင်းပ

ပွင့်ဖြူ မေ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ် ဝိနည်းဓိုရ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက် အောင်သိဒ္ဓိကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် စေတနာအလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တနိယမသာရ(သာဓနဓဇဓမ္မာစရိယ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ဆရာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပွင့်ဖြူမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ (အောင်သိဒ္ဓိကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်) ဘဒ္ဒန္တသုစိတ္တသာရ(မဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်က ပထမအကြိမ် ဝိနည်းဓိုရ်သင်တန်း အောင်မြင်စွာဖွင့်လှစ်နိုင်မှုအပေါ် ဝမ်းမြောက်ကြောင်းမိန့်ကြားသည်။

ယင်းနောက် မြို့နယ်လဝကဦးစီးမှူး ဦးကျော်သူရက မြို့နယ်သာသနာရေးဆိုင်ရာများကို ဆရာတော်အရှင်သူမြတ်များထံ လျှောက်ထားပြီး ကြွရောက်တော်မူလာသော ဆရာတော်ကြီးများက ပထမအကြိမ် ဝိနည်းဓိုရ်သင်တန်း တက်ရောက်ခဲ့ကြသော သံဃာတော်များကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ တောင်တွင်းကြီးမြို့၊ ငှက်ပစ်တောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် (အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ) ဘဒ္ဒန္တမာနိတ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ အမျှအတန်းများပေးဝေခဲ့ကြပြီး သင်တန်းဆင်းအောင်ပွဲအထိမ်းအမှတ် ကြွရောက်တော်မူလာသည့် ဆရာတော်ကြီးများနှင့် ဝိနည်းဓိုရ်သင်တန်းဆင်း သံဃာအပါး(၅၀)ကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)