နတ်မောက် မေ ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးဌာနမှကြီးမှူး၍ ဆီထွက်သီးနှံ( မြေပဲ၊နှမ်း၊နေကြာ) အထွက်နှုန်းတိုးတက်ရေး စိုက်ပျိုးနည်းပညာနှင့် သဘာဝမြေသြဇာအမျိုးမျိုးပြုလုပ်သုံးစွဲရေး နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက ဒေသအတွင်းဆီဖူလုံမှုရှိစေရန်အတွက် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊နှမ်း၊နေကြာသီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိအောင် စနစ်တကျစိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ ဓာတုမြေသြဇာသုံးစွဲမှုကိုလျှော့ချပြီး သဘာဝမြေသြဇာများကိုကိုယ်တိုင်ပြုလုပ်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေမည့်အပြင်ရေရှည်တွင် မြေဆီလွှာအာဟာရကိုဖွံ့ဖြိုး တိုးတက်စေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ သီးနှံအလိုက်ကျွမ်းကျင်ဝန်ထမ်းများက မြေပဲ၊နှမ်း၊နေကြာသီးနှံများအလိုက် မျိုးကောင်း၊မျိုးသန့်ရွေး ချယ်နည်း၊ စိုက်စနစ်မှန်ကန်စေရေး၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနှင့် ရိတ်သိမ်းချိန်လွန်လေလွင့် ဆုံးရှုံးမှုလျှော့ချရေးနည်းလမ်းများ၊ ဒေသအတွင်းအလွယ်တကူရရှိနိုင်သောကုန်ကြမ်းများဖြင့် EMဘိုကာရှီသဘာဝမြေသြဇာပြုလုပ်နည်းစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိကျေးရွာအုပ်စုအသီးသီးမှ ဆီထွက်သီးနှံစိုက်ပျိုးကြသည့်ဒေသခံတောင်သူများက စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိဝန်ထမ်းများက စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို တောင်သူများအားဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း