မကွေးမြို့နယ်၊ ကန်ပြား(အရှေ့)ကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စု(၅၅၅)စု အတွက် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မကွေး မေ ၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် သားစဉ်မြေးဆက် တရားဝင်မြေယာပိုင်ဆိုင်ခွင့်အခွင့်အရေးများရရှိခံစားနိုင်စေရန်ရည်ရွယ်၍ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် မကွေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်တာဝန်ရှိသူများသည် ယမန်နံနက်ပိုင်းက မကွေးမြို့နယ်၊ ကန်ပြား(အရှေ့)ကျေးရွာသို့ ကွင်းဆင်းကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မကွေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းက ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များဆောင်ရွက်ပေးရခြင်း၏ရည်ရွယ်ချက်၊ ရရှိလာမည့်အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များအပေါ် ပြည်သူများပူးပေါင်းပါဝင်ရမည့် အချက်များကိုအမှာ စကားပြောကြားသည်။

ထို့နောက် မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်က မြေငှားဂရန်ထုတ်ပေးရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် မြေပုံရေးကူး ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။ ယခုစီမံချက်အရ ကန်ပြား(အရှေ့)ကျေးရွာရှိ ကျေးရွာမြေ(၈၃) ဧကပေါ်တွင် အခြေစိုက်နေထိုင်သော အိမ်ထောင်စု (၅၅၅)စုအား ကျေးရွာမြေငှားဂရန် တရားဝင်ထုတ်ပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ကျေးရွာမြေငှားဂရန်ဆောင်ရွက်ပေးမည့် မကွေးမြို့နယ် ကန်ပြား(အရှေ့)ကျေးရွာအတွင်းရှိ မြေနေရာများသို့ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)