သစ်စိမ်းမြေဩဇာ (ပိုက်ဆံ​လျှော်) စုပေါင်းကြဲပက်ပွဲဆောင်ရွက်

ပြည် မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြေဆီလွှာအာဟာရဓာတ်များ ဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေဩဇာ(ပိုက်ဆံ​လျှော်) စုပေါင်းကြဲပက်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ပြည်မြို့နယ်၊ ငါးရွာအုပ်စု၊ ​တောင်သူဦး​နေအောင်၏ လယ်​မြေ (၁၀)ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့် ဆည်​မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်း​ဒေသကြီး(အ​နောက်ပိုင်း)၊ ဒုတိယတိုင်း​ဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်ဦးစီးမှူး ဦး​အောင်စိုးမိုးနှင့် မြို့နယ်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေးကော်မတီ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးရဲနီထွန်းတို့က ပြည်မြို့နယ်​၊ မှော်ဇာအုပ်စုရှိ ဟင်းသီးဟင်းရွက် တစ်အုပ်တစ်မ စိုက်ပျိုးထားရှိမှုအ​ခြေအ​နေများ၊ အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိမှုအ​ခြေအ​နေများနှင့် EM ဘိုကာရှီမြေဆွေးပုံများ ပြုလုပ်သုံးစွဲမှုအ​ခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့သည်။

ယင်းနောက် ဒုတိယတိုင်း​ဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့်အဖွဲ့ဝင်များသည် ဓာတုဓာတ်မြေသြဇာလျှော့ချသုံးစွဲရေးအတွက် သဘာဝမြေသြဇာများအား တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲတတ်စေရေး၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် ဘက်စုံသီးနှံကာကွယ်ရေးနည်းစနစ်များ လိုက်နာကျင့်သုံးကြစေရေး၊ ဓာတုပိုးသတ်ဆေးများ စနစ်တကျကိုင်တွယ်သုံးစွဲရေး၊ Thiamethoxam နှင့် Clothianidin အဆိပ်ရှိ ပစ္စည်းသုံးစွဲမှုမရှိစေရေး၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် PHI ကို အလေးထားလိုက်နာဆောင်ရွက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားကြိုးပမ်းဆောင်ရွက်ကြစေရန် သီးနှံစိုက်ခင်းများသို့ သွား​ရောက်ကွင်းဆင်းခဲ့ပြီး နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဝဏ္ဏထွန်း (ပြန်/ဆက်)