ကော့သောင်း မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ မေ(၁၈)ရက် နံနက်ပိုင်းက ကော့သောင်းခရိုင်ရှိ ပြည်သူများလူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေး၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကော့သောင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထုများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော့သောင်းခရိုင်သည် ခရီးသွားလုပ်ငန်းနှင့် ရေလုပ်ငန်းကဏ္ဍတွင် အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည်နေသည့် ပင်လယ်သယံဇာတပေါကြွယ်ဝသည့် ဒေသဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွက်သာမက နိုင်ငံတော်အတွက် ခရီးသွားလုပ်ငန်း၊ရေလုပ်ငန်းနှင့်နယ်စပ်ကုန်သွယ်ရေးကဏ္ဍများတွင် အလွန်အရေးပါသည့်တံခါးပေါက်တစ်ခုဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အစိုးရနှင့်ပြည်သူလူထုပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးကြောင်း၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးသည် အလွန်အရေးကြီးပြီး ပြည်သူလူထုအားလုံးက တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရာ၌ နားလည်မှုရှိစွာဖြင့် ပူးပေါင်းပါဝင်ကြရန်လိုကြောင်း၊ နယ်စပ်ဒေသဖြစ်သည်နှင့်အညီ ကုန်သွယ်စီးဆင်းမှုမြန်ဆန်ရန်နှင့် ပြည်သူများလုံခြုံစိတ်ချစွာနေထိုင်လုပ်ကိုင်နိုင်ရန်အတွက် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို တာဝန်ရှိသည့် ဌာနဆိုင်ရာများအားလုံးပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအခြေခံဖြစ်သည့် စိုက်ပျိုး/မွေးမြူရေးကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းကဏ္ဍများ၊ ရေသယံဇာတပစ္စည်းများ ထုတ်လုပ်တင်ပို့နေမှုကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းများသည် ဒေသစီးပွားရေး၏အခြေခံအင်အားစုများဖြစ်၍ တိုင်းဒေသကြီးအစိုးရအနေဖြင့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသထွက်ကုန်များကိုအခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာလျှင် ဒေသတွင်းဝင်ငွေတိုးတက်ရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ မိသားစုစီးပွားရေးမြှင့်တင်ရေးတို့အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ကော့သောင်းဒေသသည် သဘာဝအလှအပများနှင့် သယံဇာတများပေါများသည့် ဒေသဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပင်လယ်သယံဇာတများ ထိခိုက်မှုမရှိစေရေးနှင့်အလွန်အကျွံထုတ်ယူသုံးစွဲမှု မရှိစေရေး အထူးအလေးထားရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသခရီးသွားလုပ်ငန်းတစ်ခု၏ အောင်မြင်မှုBrandကို ခိုင်မာစေသည့် ခရီးစဉ်ဂုဏ်သတင်းကို ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်းစုပေါင်းတည်ဆောက်ကြရန် လိုကြောင်း၊ လုပ်ငန်းရှင်များသည် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏အရေးပါသည့် မောင်းနှင်အားများဖြစ်၍ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအမြင်၊ အလုပ်အကိုင်ဖန်တီးနိုင်မှု၊ နည်းပညာနှင့်ဈေးကွက် ချိတ်ဆက်မှုများသည် ဒေသအတွက် အလွန်တန်ဖိုး ရှိပါကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရ၏ ကြိုးပမ်းမှုသာမက ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးသဖြင့် လိုအပ်ချက်နှင့်အခက်အခဲများကို လက်တွေ့ကျကျ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊လုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့သာယာလှပရေး၊ ကျန်းမာရေးကဏ္ဍလိုအပ်ချက်များ၊လမ်း၊ တံတားလိုအပ်ချက်များ၊သွင်းကုန်၊ထုတ်ကုန်လုပ်ငန်းလိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)