စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ ရက်၁၀၀စီမံချက်ဖြင့် ဝါးလက်မှုပရိဘောဂသင်တန်း ဖွင့်လှစ်

စေတုတ္တရာ  မေ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်တွင် ရက်၁၀၀စီမံချက်ဖြင့် အောက်ပုံကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးလက်မှု/ပရိဘောဂသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောက်ပုံကျေးရွာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးတင်နှင့် မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်တို့က သင်တန်းအဖွင့်မှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ကျွမ်းကျင်လုပ်သားများပေါ်ထွန်းလာစေရန်နှင့် အသက်မွေးဝမ်းကျောင်းအထောက်ကူပြု ဝါးလက်မှု/ပရိဘောဂသင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ သင်တန်းမှပို့ချပေးမည့်သင်ခန်းစာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး မိသားစုအတွက် အပိုငွေရှာပေးနိုင်သည်အထိ ကြိုးစားစေလိုကြောင်း၊ သင်တန်းလွန်ကာလ ရင်းနှီမတည်ငွေရရှိရေးနှင့် အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ပေးမည့်အခြေနေများကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးလက်မှု/ပရိဘောဂသင်တန်းသို့ အောက်ပုံကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား၊သင်တန်းသူ ၂၀ ဦး တက်ရောက်ပြီး ဝါးလက်မှုပညာနှင့်ပတ်သက်၍ ကျွမ်းကျင်နည်းပြဆရာနှစ်ဦးတို့က ၂၀၂၆ခုနှစ် မေလ ၁၈ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇွန်လ ၁၆ ရက်နေ့အထိ စာတွေ့လက်တွေ့နှစ်မျိုးဖြင့် ၃၀ ရက် ကြာ အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)