ရေနံချောင်း မေ ၁၉
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်စိုက်ပျိုးနည်းပညာပေးဆိုင်ရာ သီးနှံစုံစံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများအား သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(FPTP) ဦးအောင်နိုင်ဝင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးတို့က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးယဉ်မင်းစိုးက ရက်(၁၀၀)အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် သီးနှံမျိုးစေ့ထောက်ပံ့ပေးအပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အကျိုးဆောင်တောင်သူများအား အောင်နိုင်တိုးစပါး၊ ဧရာမင်းစပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ချည်မျှင်ရှည်ဝါ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ပိုက်ဆံလျှော် သီးနှံမျိုးစေ့များနှင့် ကော်ဖီပျိုးပင်(ရိုဘက်စတာ)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သီးနှံမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲသို့ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု၊ ပင်းဝကျေးရွာအုပ်စု၊ ဘဲဆိပ်ကျေးရွာအုပ်စု၊ ကံကြီးကျေးရွာအုပ်စု၊ ရုံးကုန်းကျေးရွာအုပ်စု၊ ဖောင်းကတောကျေးရွာအုပ်စု၊ ဆားတိုင်ကျေးရွာအုပ်စုတို့မှ သီးနံစုံစံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး