မိုးမောက် ၊ ဇန်နဝါရီ ၁၈
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်းဆောင် လျှက်ရှိသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ (၁)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက်ရွေးချယ်ခန့်အပ် ပေးနိုင်ရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်(၁၀)နာရီ ခန့်တွင် ကျခန်းဒပ်ကျေးရွာ နှစ်ခြင်းဘုရားကျောင်း ဓမ္မာရုံ၌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်မင်းကိုနှင့် တာဝန်ကျကြီးကြပ်အဖွဲ့တို့က အသိပညာပေး ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်းသိရှိရပါသည်။
ဆက်လက်ပြီး အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုက ရွေးချယ်ပုံ အဆင့်ဆင့်ကို အကျယ်တဝင့်ဆွေးနွေးပြီး တာဝန်ကျကြီးကြပ်အဖွဲ့မှ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက အနည်းငယ်ဖြည့်စွက် ရှင်းလင်း ပြောကြားသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲများ ဇန်နဝါရီလ(၁၈)ရက်နေ့မှ စတင်ပြီး ဇန်နဝါရီ လကုန်ထိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများပါမကျန် ဌာနဆိုင်ရာတာဝန်ကျ ကြီးကြပ်အဖွဲ့မှ ကွင်းဆင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
လွန်းနန်းထွေး