တနင်္သာရီ မေ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် တောင်သူများစိုက်ပျိုးနည်းစနစ်များလိုက်နာကျင့်သုံးလာစေရန် “မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးဆောင်ရွက်မည့်နည်းလမ်းများ” သင်တန်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ဖွင့်လှစ်သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက အဖွင့်အမှာစကား ပြောကြားရာ၌ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိုးစပါးအထွက်နှုန်း တိုးတက်လာရေးအတွက် နည်းပညာများကို လက်တွေ့အသုံးချဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်ဇော်က မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် ကောင်းမွန်သောမျိုးစေ့ရွေးချယ်ခြင်း၊ စိုက်ပျိုးချိန်မှန်ကန်ရေး၊ မြေဩဇာစနစ်တကျ အသုံးပြုရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနှင့် နည်းပညာအခြေပြု စိုက်ပျိုးနည်းများကို ရှင်းလင်းပို့ချခဲ့သည်။
သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသူ၊ သင်တန်းသားများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တနင်္သာရီ(ပြန်/ဆက်)