ဘားအံ မေ ၁၈
ဥပဒေရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀)ချက်အရ ကရင်ပြည်နယ်ဥပဒေချုပ်ဒေါ်နော်သန်းသန်းငြိမ်း ဦးဆောင်၍ ကရင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများသည် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဥပဒေအသိပညာပေးဆွေးနွေး ဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေ ၁၇ ရက် နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာနှင့် လှာကာကျေးရွာများသို့ ကွင်းဆင်း၍ ဥပဒေအသိပညာပေးဆွေးနွေးဟောပြောသည်။
ထိုသို့ဆွေးနွေးဟောပြောရာတွင် ပြည်နယ်ဥပဒေချုပ်ဒေါ်နော်သန်းသန်းငြိမ်းက ဥပဒေရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး ခရိုင်ဥပဒေအရာရှိဦးနိုင်ဝင်းက ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပါ သိကောင်းစရာများကို လည်းကောင်း၊ ခရိုင်ဥပဒေအရာရှိဦးစောသိန်းဖေမြင့်က လောင်းကစားဥပဒေပါသိကောင်းစရာများကို လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြရာ တက်ရောက်လာသော ကျေးရွာသူ၊ကျေးရွာသားများက ဥပဒေပါအကြောင်းအရာများမှ သိရှိလိုသည်များနှင့် မရှင်းလင်းသည်များအား ပြန်လည်မွေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ်နှင့် ခရိုင်ဥပဒေအရာရှိများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ပြည်/နယ်(ပြန်/ဆက်)