လက်ပံတန်းမြို့၌ တောင်သူအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

လက်ပံတန်း မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် တောင်သူများအနေဖြင့် EM ဘိုကာချီမြေဆွေး သဘာဝမြေဩဇာကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး၊ Home Garden စားဖိုဆောင်သီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရေကန်ကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က သဘာဝ‌မြေဆွေးမြေဩဇာပြုလုပ်သုံးစွဲခြင်းဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုကိုလျှော့ချနိုင်ပြီး မြေဆီလွှာပျက်စီးမှုကို ကာကွယ်နိုင်ခြင်း၊ ဓာတုဓာတ်ကြွင်းကင်းစင်သော အရည်အသွေးပြည့်ဝသည့် သီးနှံများရရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်သည့်အတွက် တောင်သူများအနေဖြင့် EM ဘိုကာချီ သဘာဝမြေဆွေးမြေဩဇာ ထုတ်လုပ်သုံးစွဲရန်နှင့် Home Garden စီမံချက်ဖြင့် ကျေးရွာအိမ်‌ထောင်စုတိုင်းတွင် စားဖိုဆောင်သီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် EM ဘိုကာချီမြေဆွေး သဘာဝမြေဩဇာထုတ်လုပ်ပုံအဆင့်ဆင့် လက်‌‌‌တွေ့သရုပ်ပြဆောင်ရွက်နေမှုနှင့် ရေကန်ကျေးရွာ၊ အိမ်ထောင်စုတိုင်းတွင် Home Garden စီမံချက်ဖြင့် စားဖိုဆောင်သီးနှံ ဆယ်မျိုးဆယ်ဘောင် စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)