ကျွန်းစုမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားပြုလုပ်

ကျွန်းစု မေ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေလ ၁၈ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး စီမံကိန်းလက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က မြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦး‌ငွေထွန်း၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မည့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများအား လုပ်ငန်းတာဝန်များ အသီးသီးပေးအပ်ခဲ့‌ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)