ညောင်လေးပင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ညောင်လေးပင် မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ဖအောင်းကျေးရွာ၊ အလယ်ရွာတောရဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက အလယ်ရွာတောရဘုန်းကြီးကျောင်း၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း တက်ရောက်နေကြသော သင်တန်းသူ၊ သင်တန်းသားများအား စာအုပ်၊ စာပေများကိုဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း တက်ရောက်နေကြသော သင်တန်းသူ၊ သင်တန်းသားများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်၊ စာစောင်များကို ဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များကိုပြသခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)