ဟားခါး ဇန်နဝါရီ ၁၈
ချင်းပြည်နယ် ဟားခါးမြို့တွင် COVID-19 ရောဂါ Case-127951နှင့် Case-127942တို့တွင် ဟားခါးမြို့ တိုင်းရင်းဆေးရုံကြီးသို့ ကြီးကြပ်ကန့်သတ်၍ ဆေးကုသမှု ခံယူနေရာမှ ဓာတ်ခွဲ စစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိ ရတော့သဖြင့် ဇန်နဝါရီ ၁၇ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုပြီး လက်ရှိတွင် COVID-19 ရောဂါပိုးတွေ့လူနာ မရှိတော့ကြောင်းသိရသည်။
အဆိုပါ Case-127951နှင့် Case-127942တို့တွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိတော့သဖြင့် ဆေးရုံက ဆင်းခွင့်ရပြီး ၄င်း၏နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်ကြရန် မှာကြားခဲ့ကြောင်း ၊ ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် ရောဂါပိုး ပိုမိုတွေ့ရှိရကြောင်း ဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ်ရေးနှင့်တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကြီးကြပ်ဆောင်ရွက်ရာတွင် ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ပြည်နယ် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက Swab နမူနာ စစ်ဆေးခြင်း ဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းကြီးကြပ် ခဲ့ကြောင်း သိရှိရသည်။
အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)