မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးသူနာပြုစုခြင်း(သာမန်)အဆင့်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ

မြန်အောင် မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးသူနာပြုစုခြင်း(သာမန်)အဆင့် (၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အ.ထ.က(၁) မြန်အောင်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌နေမင်းထွန်း၊ မြန်အောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေနှင့် မြို့နယ်ပညာရေးမှူး ဦးကျော်တင့်ဝင်းတို့က သင်တန်းဖွင့်အမှာစကားပြောကြားကြပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်ပြုံးမြင့်က သင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၆ ခုနှစ် မတ်၊ ဧပြီလတွင် ဗဟိုမီးသတ်သင်တန်းကျောင်း(ဇီးပင်ကြီး)၌ ဖွင့်လှစ်သော အခြေခံရှာဖွေကယ်ဆယ်ရေး ကနဦးတုံ့ပြန်သူများအတွက်သင်တန်း တက်ရောက်အောင်မြင်သော မြန်အောင်ခရိုင်မှ ဦးစီးမှူး(တတိယတန်း)ဦးချစ်ကိုဟိန်းအား ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ပေးအပ်သည့်ဂုဏ်ပြုမှတ်တမ်းလွှာကို မြန်အောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် အ.ထ.က(၁)မြန်အောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးသူ နာပြုစုခြင်း(သာမန်)အဆင့်(၁/၂၀၂၆) သင်တန်းတွင် ဆရာနှစ်ယောက်၊ ဆရာမတစ်ယောက်၊ ကျောင်းသားဆယ့်တစ်ယောက်၊ ကျောင်းသူဆယ့်ခြောက်ယောက် စုစုပေါင်း(၃၀)ဦး တက်ရောက်ပြီး သင်တန်းကာလ (၅)ရက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)