ညောင်တုန်း မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က သင်တန်းသားများအနေဖြင့် အခြေခံမီးသတ်သင်တန်းတွင် သင်ကြားသည့် သင်ခန်းစာများကို လက်တွေ့အသုံးချ၍ မိမိတို့မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျှင်မြန်စွာတုံ့ပြန်ဖြေရှင်းသွားရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးက မြို့နယ်အတွင်းရှိ ဈေးများနှင့် ဈေးအဆောက်အအုံများ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြား၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူက သင်တန်းတွင် စာတွေ့/ လက်တွေ့ သင်ကြားပို့ချမည့် သင်ခန်းစာများကိုရှင်းလင်း ပြောကြားခဲ့သည်။
အခမ်းနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူကဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများမှ သင်တန်းသား(၃၀)ဦးအား မေလ ၁၈ ရက်နေ့မှ ၂၂ ရက်အထိ စာတွေ/ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)