ကျွန်းစု မေ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို မေလ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာကက စီမံကိန်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျွန်းစုမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ(၃)ရွာအား ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးငွေထွန်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက VDP စီမံကိန်းအတွက် ဦးစားပေးအဆင့်လိုက် ကျေးရွာများအား ရွေးချယ်ခဲ့ကြကြောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း တာလပိုင်း ကျေးရွာ(၁)ရွာ၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်း(RBF) ကပကျေးရွာ(၁)ရွာတို့၌ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)