မြိတ် မေ ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)ကို မေ(၁၈)ရက် နံနက် (၉)နာရီက မြိတ်ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းကို မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါက ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ရှေးဦးပြုစုခြင်း ပညာရပ်များ သင်ကြား လေ့ကျင့်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မီးသတ်စခန်း လူနာတင်ယာဉ်အတွက် လိုအပ်သော စက်သုံးဆီနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းပေးသော ဦးကျော်စည်သူနှင့်ဇနီးအား ဂုဏ်ပြု မှတ်တမ်းပေးအပ်ချီးမြှင့်သည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက သင်တန်းနည်းပြ ကူညီပေးသော မြိတ်မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့အား ရန်ပုံငွေပေးအပ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဇော်အောင်က သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား တူညီဝတ်စုံများပေးအပ်ပြီး တက်ရောက်လာကြသူများက သင်တန်းသင်ထောက်ကူပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။
သင်တန်းတွင် မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦးအား ဖြစ်ရပ်တစ်ခုသို့ လုံခြုံစွာချဉ်းကပ်ခြင်း၊ ဝင်ရောက်ခြင်း၊ ကယ်ဆယ်ခြင်း၊ မေ့မျောလူနာနှင့် ထိခိုက်ဒဏ်ရာ ရလူနာများအား ရှေးဦးပြုစုခြင်း၊ လူနာသယ်ဆောင်ခြင်း၊ လူနာ တင်ယာဉ် သုံးပြုနည်း၊ လူနာတင်ယာဥ်ဖြင့် လိုက်ပါစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မေ(၁၈)ရက်မှ (၂၂)ရက်ထိ သင်ကြား လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)