မြောင်းမြမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(ခရိုင်အဆင့်) ပန်းချီပြိုင်ပွဲများကျင်းပ

မြောင်းမြ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်(၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က အ.ထ.က(၁)ကျောင်း၊ အနော်ရထာခန်းမတွင် ကျင်းပသည်။

မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့် အဖွဲ့ဝင်များ၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်နှင့် တာဝန်ရှိသူတို့က မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်နှင့် ဝါးခယ်မမြို့နယ်များမှ ကျောင်းသား၊ ကျောင်းသူ (၆၉) ဦးတို့၏  မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေမှုများအား  လိုက်လံကြည့်ရှုအားပေးသည်။

အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းအဆင့်အနေဖြင့် ပုသိမ်မြို့၌ ဆက်လက်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင်ကျင်းပမည့် (၂၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)