အိမ်မဲ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို မေလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာကျေးရွာများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ချေးလျက်ရှိသည်။
ထို့ကဲ့သို့ထုတ်ချေးပေးရာတွင် အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ အိမ်မဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်တို့က တောင်သူလယ်သမားများနှင့် တွေ့ဆုံကာ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းနှင့် ပတ်သက်၍ အမှန်တကယ်ထိရောက်သည့် စိုက်ပျိုးရေးလုပ်ငန်းများတွင်သာ အကျိုးရှိရှိ သုံးစွဲကြစေလိုကြောင်း၊ ထုတ်ယူခဲ့ကြသည့် စိုက်ပျိုးဧကများအတိုင်း ပြည့်ပြည့်ဝဝ စိုက်ပျိုးကြစေလိုကြောင်း၊ ပြန်လည်ပေးဆပ်ရာတွင် သတ်မှတ်ရက်အတိုင်း ပြေကျေစွာ ပေးဆပ်ကြရန်လိုကြောင်း ထည့်သွင်းပြောကြား ခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်ခင်လေးနွယ်က စိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ထုတ်ချေးရာတွင် လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ခလောက်သိုက် ကျေးရွာအုပ်စုနှင့် ကြာတန်းကျေးရွာအုပ်စုတို့မှ တောင်သူ (၁၅၇)ဦး၏ စိုက်ပျိုးမြေဧက (၉၂၀)အတွက် တစ်ဧက လျှင် (၃၀၀၀၀၀)ကျပ်နှုန်းဖြင့် ကျပ် (၂၇၆၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ်တွင် မေလ (၁၂)ရက်နေ့မှ စတင်ကာ ကျေးရွာအုပ်စု (၉၇)အုပ်စုကို စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပြီး ယနေ့အထိ ကျေးရွာအုပ်စု (၆)အုပ်စုထုတ်ချေးပြီးစီးကြောင်းနှင့် ကျန်ရှိသော (၉၁)အုပ်စုအားဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)