သဲကုန်းမြို့နယ်၌ ၂၀၂၆ ဘဏ္ဍာနှစ်မိုးစပါးစိုက်ပျိုးမည့် တောင်သူများ မြေပြုပြင်ထွန်ယက်ခြင်း လုပ်ငန်းဆောင်ရွက်

သဲကုန်း မေ ၁၈

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအနေဖြင့် မိုးစပါးစိုက်ဧကများတွင် မြေပြုပြင်ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များမှ ​ကြဲခင်းစနစ်ပပျောက်စေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ယခင်လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်ကို အသုံးပြု၍ ခေတ်မီလယ်ယာသုံးစက်ကိရိယာများဖြင့် မိမိတို့၏ လယ်မြေများတွင် မြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ ထယ်ထိုးခြင်း၊ သဘာဝမြေသြဇာများ ကြဲပတ်၍ ထွန်မွှေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ဒေသခံတောင်သူများအနေဖြင့် ဆန်စပါးကိုအဓိကထား စိုက်ပျိုးကြပြီး မိုးဦးကာလတွင် ကြိုတင်စိုက်ပျိုးနိုင်ရန်အတွက် ယခုကဲ့သို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုး​ခြင်း၊ ကောက်စိုက်စက်/လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း နည်းစနစ်များအား ကွင်းသရုပ်ပြသခြင်း၊ နှစ်စဥ်မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပံ့ပိုးပေးခြင်း၊ သဘာဝမြေသြဇာပြုလုပ်နည်းများ သရုပ်ပြသခြင်း၊ သွင်းအားစုဓာတ်မြေသြဇာများကို သက်သာသော စျေးနှုန်းဖြင့် တောင်သူများအား ဖြန့်ဖြူးပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းဆင်းသရုပ်ပြသပေးခြင်း လုပ်ငန်းများ၊ စိုက်ပျိုးနည်းစနစ်သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် တောင်သူအသိပညာပေး​ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုကျော်