စေတုတ္တရာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်

စေတုတ္တရာ မေ ၁၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် အောက်ပုံကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးတင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းနှင့် စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကျေးရွာပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀ ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးတင်က အောက်ပုံကျေးရွာမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ ဘက်စုံသုံးခန်းမ တည်ဆောက်ရာတွင် အလျား ၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၁ ပေ အား ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဆန်းကိုကို