အောင်လံ မေ ၁၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့်အန္တရာယ်များကို သိရှိနားလည်ပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ” ကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့ရှိ ပညာဂုဏ်ရည်ဘော်ဒါဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းတင့်က ဒေသတွင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် လူငယ်လူရွယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်လာစေရန်၊ မူးယစ်ဆေးဝါး၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးအန္တရာယ်များကို ရှောင်ကြဉ်နိုင်ရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများကတက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများထံသို့ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုရှောင်ကြဉ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် လူငယ်များဖတ်ရှုလေ့လာသင့်သည့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)