မြို့သစ်မြို့နယ်တွင် နွေစပါး ၅၉၆၀ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်

မြို့သစ် မေ ၁၈

မကွေးတိုင်းဒေသကြီး၊   မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေစပါးစိုက်ပျိုးရန် ၅၇၈၄ ဧက လျာထားရာ ၅၉၆၀ ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်တွင် တောင်သူများနွေစပါးစိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နတ်မောက်ဆည် ရေလှောင်တမံမှ (၄၀၄၄) ဧက၊ ပုလင်းဆည်ရေလှောင်တမံမှ (၇၀၆) ဧက၊  စွန်ဆည်ရေလှောင်တမံမှ (၆၄၆) ဧက၊ ဆဒ္ဒန်ဆည်ရေလှောင်တမံမှ (၅၆၄)ဧက စုစုပေါင်း (၅၉၆၀)ဧကအထိ ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ဒေသနှင့်ကိုက်ညီသည့် အထွက်ကောင်း မျိုးကောင်း မျိုးသန့်စပါးမျိုးများရွေးချယ်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းပညာပေးဆောင်ရွက်ခြင်း၊ စိုက်ပျိုးရာတွင်နည်းစနစ်ကျနစွာစိုက်ပျိုးနိုင်ရေး၊ မြေဆီမြေဩဇာအချိုးကျမှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် လိုအပ်သည့်နည်းပညာများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)