မြောင်းမြမြို့၌မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မြောင်းမြ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများကို ယနေ့ နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးအသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒု-ဦးစီးမှူး မျိုးမင်းလတ် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါလျက် ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ စက်ရုံများသို့ သွားရောက်ပြီး မီးဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ရှုံးဆုံးမှုမရှိစေရေးအတွက်  မီးကိုစနစ်တကျ အသုံးပြုစေရန် ၊ မိမိတို့နေအိမ်များ၌ အသုံးပြုလျှက်ရှိသည့် လျှပ်စစ်ဝါယာကြိုးများအား ဟောင်းနွမ်း နေပါက အသစ်ပြန်လည်တပ်ဆင်ကြရန်၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများအနေဖြင့် ချက်ပြုတ်ပြီးပါက မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြှိမ်းသတ်ထားရန်နှင့် ဖယောင်းတိုင်မီး၊ အမွှေးတိုင်မီး၊ ခြင်ဆေးခွေများကို မီးမလောင်နိုင်သည့် အောက်ခံခွက်ဖြင့်သာ ထွန်းညှိအသုံးပြုရန်၊ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ အသင့်ထားရှိရန်တို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်​ခဲ့ကြကာ မီးသတ် ဆေးဘူးဖြင့် စနစ်တကျ ကိုယ်တွယ် မီးငြှိမ်းသတ်နည်းများကို ပြသခဲ့ပြီး မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ချက်ချင်း အကြောင်းကြား ပေးရန် အကြံပြု လမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)